top of page
C3-student portrait
heritage 5
Before leaving for NY
DSC_8258
86356
C5 with Kennedy
desk2
189360
-LIFEMagazine
TL2
thumb_IMG_2709_1024
study portrait
ဦးသန့် ဘဝနှင့်အနှစ်သာရများ

ဦးသန့် (၁၉၀၉-၁၉၇၄) သည် ကျောင်းဆရာ၊ စာရေးဆရာ၊ ပြည်သူ့ဝန်ထမ်းနှင့် ကမ္ဘာ့သံအမတ် စသည့်တာဝန်များ ထမ်းဆောင်ခဲ့သည်။ ဦးသန့်သည် စစ်အေးကာလအားကောင်းနေသည့်အချိန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတွင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် သက်တမ်း နှစ်တမ်းကြာအောင် ထမ်းဆောင်ခဲ့သည်။ 

 

ပန်းတနော်မှသည် နယူးယောက်သို့ - ဦးသန့်သည် သူ၏ဖခင်ဆုံးပါးသွားပြီးနောက်ပိုင်းငွေကြေးအခက်အခဲများနှင့် ကြုံပြီး သူ၏ သတင်းထောက်ဖြစ်ချင်သော ငယ်ဘဝအိမ်မက်ကို စွန့်လွှတ်ခဲ့ရသည်။ သူ၏ ညီများ၏ ပညာရေးနှင့် မိခင်ကြီးအတွက် ထောက်ပံ့နိုင်ရန်အတွက် ရန်ကုန်တက္ကသိုလ်တွင် နှစ်နှစ် ဥပစာတန်းကိုသာရွေးချယ်ခဲ့ပြီး နောက်ပိုင်းတွင် ကျောင်းဆရာအလုပ်ကို လုပ်ကိုင်ခဲ့သည်။ ပညာသင်ကြားပြသရာတွင် ထူးချွန်ပြီး အမျိုးသားအဆင့်ဆရာဖြစ်စာမေးပွဲတွင် ပထမဆု ရခဲ့သည်။ ထို့ကြောင့် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဖြစ်လာခဲ့သည်။ 

 

ကျောင်းဆရာဘဝဖြင့်ပင် သတင်းစာနှင့် မဂ္ဂဇင်းများတွင် ဆောင်းပါးများစွာကိုရေးသားခဲ့ပြီး ဆောင်းပါးများနှင့်ကဗျာများကိုလည်း မြန်မာဘာသာသို့ပြန်ဆိုရေးသားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမှ ဖိတ်ခေါ်သဖြင့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်လပ်ရေးပါတီ (ဖဆပလ) တွင် ပြန်ကြားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန် ရန်ကုန်သို့ပြောင်းရွေ့နေထိုင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှစကာ ဦးသန့်သည် ပြည်သူ့ဝန်ထမ်းဘဝသို့ ဝင်ရောက်လာခဲ့တော့သည်။ ဦးသန့်၏ မိတ်ဆွေဖြစ်သူ ဦးနုမှာ လွတ်လပ်သောမြန်မာနိုင်ငံ၏ဝန်ကြီးချုပ်ဖြစ်လာပြီး ဦးသန့်ကို အသံလွှင့်ဌာန၏ ညွှန့်ကြားရေးမှူးချုပ်အဖြစ်ခန့်အပ်ခဲ့သည်။ ထိုမှတဆင့် ဝန်ကြီးချုပ်၏အတွင်းဝန်ဖြစ်လာခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းသံအမတ်ကြီး ဖြစ်လာခဲ့ပြီး နယူးယောက်မြို့သို့ပြောင်းရွေ့နေထိုင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိးလ် ကွန်ဂိုခရီးစဉ်တွင် ဆုံးပါးသွားပြီးနောက် ဦးသန့်သည် ကုလသမဂ္ဂ၏ ယာယီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်ရွေးချယ်ခံခဲ့ရသည်။ တစ်နှစ်ကြာသောအခါ ဦးသန့်သည် အထွေထွေညီလာခံမှတဆင့် အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး သက်တမ်း ၂ ခုကြာ တာဝန်ထမ်းဆောင်ခဲ့ရသည်။

 

ငြိမ်းချမ်းရေးကိုဖော်ဆောင်ခြင်း - ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်လာပြီးနောက် ဦးသန့်သည် ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးများအတွက် ဦးဆောင်ကြိုးပမ်းမှုများ များစွာလုပ်ဆောင်ခဲ့သည်။ အတွင်းရေးမှူးချုပ်ဖြစ်လာပြီး တစ်နှစ်အတွင်းမှာပင် ကမ္ဘာ့ငြိမ်းချမ်းရေးကို အန္တရာယ်ကျရောက်လာခဲ့သည့် ကျူးဘားဒုံးကျည်အရေးအခင်းကြီးကို အောင်မြင်စွာ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ခဲ့သည်။ ကျူးဘားဒုံးကျည်အရေးအခင်းတွင် အမေရိကန်နိုင်ငံမှ သမ္မတ ကနေဒီ၊ ဆိုဗီယက်ဝန်ကြီးချုပ် ခရုရှက်ဗ်တို့ကို စေ့စပ်ညှိနှိုင်းခဲ့ပြီး ကျူးဘားကျွန်းနိုင်ငံအထိသွားရောက်ကာ ခေါင်းဆောင် ကက်စ်ထရိုနှင့်ပါအရေးတကြီးသွားရောက်တွေ့ဆုံခဲ့သည်။ 

 

ဦးသန့်သည် စစ်အေးကာလ အားကောင်းနေသည့်ကာလဖြစ်သည့်အပြင် ကမ္ဘာတစ်ဝန်းလုံး နိုင်ငံရေးမငြိမ်မသက်မှုများဖြစ်နေချိန်တွင် အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခဲ့ရပြီး ဗီယက်နမ်စစ်ပွဲ၊ ခြောက်ရက်စစ်ပွဲ၊ ကွန်ဂို၊ ဘာရိန်း၊ရီမင်၊ ဒိုမိနီကန်ပဋိပက္ခတို့အပြင် ၁၉၆၅ နှင့် ၁၉၇၁ တို့တွင် ဖြစ်ပွါးခဲ့သော အိန္ဒိယနှင့် ပါကစ္စတန်စစ်ပွဲတို့ကိုလည်း ငြိမ်းချမ်းရေးရရှိရန် ဖြေရှင်းခဲ့ရသည်။ 

 

ကုလသမဂ္ဂ အစီအစဉ်များတိုးချဲ့ခြင်း - ဦးသန့်သည် ကုလသမဂ္ဂအဖွဲ့အစည်းသည် ကိုလိုနီအုပ်ချုပ်မှုစနစ်ကို ရပ်တန့်ရန်တာဝန်ရှိသည်ဟု ယုံကြည်သည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် ကုလသမဂ္ဂအဖွဲ့အစည်းသည် ဥရောပနိုင်ငံများကိုဗဟိုပြုသည့် အဖွဲ့အစည်းမှ လွတ်လပ်ရေးရခါစ နိုင်ငံများကို ကြိုဆို၍ အဖွဲ့ဝင်နိုင်ငံများအဖြစ်ပါဝင်စေသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာသည်။ ကုလသမဂ္ဂသည် ၁၉၆၀ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံ ၉၉ နိုင်ငံရှိရာမှ ၁၉၇၁ ခုနှစ်တွင် ၁၃၂ နိုင်ငံအထိတိုးလာခဲ့သည်။ ဦးသန့်ယုံကြည်သည်မှာ ကုလသမဂ္ဂအဖွဲ့အစည်းသည် မည်သည့်နိုင်ငံမဆို အယူဝါဒမတူညီသည်ဖြစ်စေ အဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ရှိသည် ဖြစ်သည်။ ထိုသို့ အားလုံးပါဝင်မှုဖြင့်သာလျှင် ကုလသမဂ္ဂသည် တန်ဖိုးရှိသည့် အဖွဲ့အစည်းဖြစ်မည်ဖြစ်သောကြောင့် ထိုခေတ်က ကွန်မြူနစ်တရုတ်နိုင်ငံ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန်လည်း ကြိုးပမ်းခဲ့သည်။ 

 

စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း - ဦးသန့်တာဝန်ထမ်းဆောင်သည့်ကာလတွင် ကုလသမဂ္ဂသည် ငြိမ်းချမ်းရေးဖော်ဆောင်ရန် မရှိမဖြစ်လိုအပ်သည့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို အရေးပေးလုပ်ဆောင်လာခဲ့သည်။ သိပ္ပံနှင့် နည်းပညာတိုးတက်မှုမှ ပေးသော အခွင့်အလမ်းများကို နားလည်သော်လည်း တစ်ဖက်မှာလည်း ဆုတ်ယုတ်မှုများရှိသည်ကို ဆင်ခြင်မိသော ဦးသန့်သည် နည်းပညာများကို ငြိမ်းချမ်းစွာအသုံးပြုရန် မကြာခဏ တိုက်တွန်းခဲ့သည်။ ဦးသန့်၏သက်တမ်းမှာပင် ပထမဦးဆုံး နျူးကလီးယားလက်နက် စမ်းသပ်မှုတားဆီးရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ 

 

ဦးသန့်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင်လည်း ရှေးဦးစွာလှူံ့ဆော်ခဲ့သူဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များနှင့် ကမ္ဘာမြေရဲ့ အကန့်အသတ်ရှိသောအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို အားပေးနှိုးဆော်ခဲ့သည်။ သူသည် ကမ္ဘာမြေနေ့ကို နိုင်ငံတကာနေ့အဖြစ်အသိမှတ်ပြု ကျင်းပခဲ့ပြီး ပထမဦးဆုံးကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးညီလာခံကို ကျင်းပခဲ့သည်။ ထိုညီလာခံသည် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီစဉ်ဖြစ်ပေါ်လာရာတွင် အရေးပါခဲ့သည်။

ထို့အပြင် ညီလာခံသည် ပထမဦးဆုံးအကြိမ် လူတို့၏ သဘာဝပတ်ဝန်းကျင် အပေါ်အကျိူးသက်ရောက်မှုကို စီစစ်လေ့လာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတို့၏ ဆက်စပ်မှုကို အသိမှတ်ပြုခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှု၏အစ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုသိရှိနားလည်လာကြပြီး သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်သည့် နိုင်ငံတကာသံတမန်ဆက်ဆံရေးနှင့် ဥပဒေပြုရေးတို့၏ ကနဦးအစလည်း ဖြစ်သည်။ 

1950s.png
86356.jpg
bottom of page